* အမေ့ အင်္ကျီက ချွေးနံ့လေးတွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ် ..။
* သူများတွေ ဘယ်လောက်ချောချော အကျဉ်းတန်တဲ့ ကိုယ့်သားသမီးလေးကို ပိုချစ်တာ အမေပါ ..။
* အမေအော်သမျှ ငေါက်သမျှတွေဟာ ကောင်းစေ တော်စေ ကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ ..။
* သူများချစ်တယ်ဆိုတာ အမေမုန်းသလောက်ပဲ ရှိပါတယ် ..။
* ငယ်စဉ် ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ ပြုံးပြုံးလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ ..။
* ကြီးလာတဲ့အခါ အမေက စေတနာနဲ့ မာန်မဲတာကို ကိုယ်က မဲ့ရွဲ့ပြီး အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာကျမှာပေါ့ …။
* အမေ့ကို စိတ်ချမ်းသာအောင် ပြုစုခြင်းဟာ ရှိခိုးတာနေတာထက် ပိုပြီးမြတ်ပါတယ် ..။
* အမေဟာ ရုပ်ဆိုးတဲ့ ဆင်းရဲတဲ့ မလိမ္မာတဲ့ ပညာမဲ့တဲ့ သားသမီးတွေရဲ့အပေါ်ကို မေတ္တာ တစ်သီတစ်တန်းကြီး တန်းစီနေတဲ့ မသိစိတ်လေးနဲ့ ပိုပြီး ချစ်တတ်ကြပါတယ် ..။
* ကိုယ့်သားသမီးတွေ လိမ္မာယဉ်ကျေးတာ ချမ်းသာကြွယ်ဝတာ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆံ့တာမြင်ရပြန်တော့ မနာလို မရှုဆိတ်မရှိပဲ ပီတိတွေဖြစ်ပြီးနေတာ အမေရယ်ပါ ..။
* အမေက ချွေးနဲ့ရင်းပြီးပေးထားတဲ့ ပညာတွေတတ်ကာမှ ခေါင်းပေါင်းကြီးနဲ့ တောသူမကြီးပုံပေါက်နေတဲ့ အမေ့ကို လူကုံထံတွေကြားထဲ အမေနဲ့တူတူ တွဲသွားရတာ ရှက်နေတယ်ဆိုရင် အမေ့ရင်ကို တမြေ့မြေ့လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ..။
* အမေဟာ ရိုးရိုးအအကြီးပေမယ့် သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ စေတနာ အချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်လှပါတယ် ..။
* ဒါကြောင့် အမေဟာ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ …။
* အမေ့ကို မချစ်တတ်သူတွေဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး ..။
* အမေ့လို ချစ်တတ်တဲ့သူ ရှာလို့တွေ့ပေမယ့် အတူတော့ မဖြစ်နိုင်ဘူး … အတုပဲဖြစ်မယ် ..။
* အမေ့ကို ငွေနဲ့ပေးဝယ်ထားရတာ မဟုတ်ပါဘူး …ဒါပေမယ့် ငွေနဲ့ပေးပြီးဝယ်လို့ရတဲ့ အရာတိုင်းဟာ တန်ဖိုးဖြတ်နိုင်ပေမယ့် အမေ့ကိုတော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး ..။
* ငွေရှိရင် ဘာမဆို လုပ်နိုင်တယ်လို့ ယုံကြည်ထားသူတွေဟာ ငွေနဲ့စက်လို့မရတဲ့ အရာတွေကို မကြာခဏ ကြုံရတောင် သူတို့သိကြမှာ မဟုတ်ပါဘူး …။
* တစ်နေ့နေ့ ဒီအမေနဲ့ ဒီသားသမီးတွေ ပြန်မလာတော့တဲ့လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲကြရတော့မှာပါ ..။
* အဲဒီအခါကျမှ အမေ မာန်မဲဆုံးမခဲ့တာ ဆည်းလည်းသံချိုချိုလေးတွေက နားထဲမှာ ပဲ့တင်ထပ်ပြီးဆိုမှ မျက်ရည်စတွေနဲ့ နောင်တအရှည်ကြီးတွေ မရကြပါစေနဲ့ ..။
* အမေအသက်ရှည်ရှည်နဲ့ ကုသိုလ်တရားတွေကို အားပါးတရ ရှာမှီးနိုင်ပါစေ …။
* အဖေကလည်း ဒီသားသမီးတွေကို အမေနဲ့အတူတူ မွေးမြူစောင့်ရှောက်ခဲ့ရတာမို့ အဖေ့ကို အမေနဲ့ ထပ်တူညီမျှ စိတ်ချမ်းသာစေရမှာပါ …။
* အဖေရော အမေပါ တို့သားသမီးတွေကြောင့် ချမ်းမြေ့သာယာစွာ လာခြင်းကောင်းပြန်ခြင်းမြတ်အောင် ပြုစုကြစို့….။

မှတ်ချက် ။ ကိုမနောသားဧ။် စာစုများဖြစ်ပါတယ်
0 comments:
Post a Comment