လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်အိမ်မက်မက်တယ်..အိမ်မက် ထဲမှာ ကျွန်တော့်မွေးရပ်အညာမြေဆီသို့ ကျွန်တော်ရောက်သွားတယ်တဲ့..တကြွီကြွီအသံပေးကာ တရွေ့ရွေ့သွားနေသော အညာလှည်းအိုကြီးတွေ ၊တလိမ့်လိမ့် တက် နေသော ဖုန်လုံး ကြီး တွေ ၊ ဇရက် သံတွေ ဆူညံနေသော တပင်လုံး အပွင့်နီနီ တွေ စီထားသည့် လက်ပံ ပင် အိုကြီး တွေ ၊ထနောင်း ပင်အို ကြီးတွေ က ကျွန်တော့ အိမ်မက် ရဲ့ အဓိက ဇတ်ဆောင် တွေ ။ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သူငယ်ချင်းတစ်ယောက်က “ မွေးဌာနီ ” သီချင်းလေးဖွင့်နေတာကြားလို့ နားထောင်ရင်း ကျွန်တော့ စိတ်အစဉ်သည် မြောပါသွားမှန်း မသိ ၊ မြောပါသွားတော့သည် ။
"မွေးဌာနီ... အညာအရပ်ဆီသို့...
မျှော်ဆီမျှော်မှန်း စိတ်ဝယ်တမ်းတ...
မှန်းဆကာရည်... တမ်းတပါသည်....
လှည်းလမ်းတလျှောက်... ဖုံလုံးကြီးတွေ...
တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည်...”
ထိုသီချင်းသည် ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားခဲ့ဘူးသော သီချင်းဖြစ်သည်။ မူရင်းသီဆိုသူ သန်းထွန်းလေး ၊ ပိုးအိစံ နှင့် အခြားသူများ ဆိုကြတာလည်း ကြားဘူးပါသည် ။ ကောင်းကြပါသည် ။သို့သော် ယခု နားဆင်နေ ရသည့် ပိုးအိစံ ရဲ့မွေးဌာနီ သီချင်းတွင် ကျွန်တော့ စိတ်အစဉ် သည် မြောပါသွားမှန်း မသိ ၊ မြောပါသွားတော့သည် ။ သူ့ အသံ က ဂရုဏာသံ ပါသည်။
"လက်ပံပွင့်တွေ…လေတိုက်ကြွေလိုက်တဲ့အခါ..
တ၀ဲဝဲဝှေ့ လို .. လေဂျင်ပမာ….
အော်…………………….. ချစ်စရာ….ချစ်စရာ…………မြင်ရ…….ပါ လေဦးတော့မည် ။”
လေဂျင် ပမာ …ဆိုသော အပိုဒ်ကလေး အပြီး မှာ ခဏကလေး တုံ့သွားသည်။ မျက်စေ့ထဲ ဂျင် ကလေး လို လှည့်ကာ လှည့်ကာ ကျလာနေသည့် ပတ်ချာဝဲ လက်ပံပွင့်လေး ကို မြင်ယောင် နေဆဲ ကြားလိုက်ရသော … အော်….. ဆိုသော အသံကလေး က အလွမ်းသံ ပါနေသည် ။ ပြီးမှ ..ချစ်စရာ..ချစ်စရာ……….မြင်ရ ..(ခဏတုံ့ပြီးမှ ) ပါလေ..ဦး….၀ူး ..၀ူး (ဆွဲပြီး ဆိုလိုက်သည်) တော့မည်……………..။တဲ့ ။
မြင်ရပါလေဦးတော့မည်။ တဲ့..လား။
အခုဘဲ မျက်စေ့ နဲ့ မြင်ရတော့မယ့် လူက မြင်ရ..ပါ…..လေ…ဦး တော့မည် ..တဲ့လား။ ဗျာ ။ အညာ ကနေ အဝေး ရောက် နေတဲ့ ကျွန်တော်ထို အပိုဒ်လေး အပြီး မှာ ဘယ်က ဘယ်လို မျက်လုံးအိမ်ထဲ မျက်ရည်တွေ ၀ဲလာလေသည် မသိ။
သေချာပါသည် ။ ကျွန်တော် မေ့ချင်ယောင် ဆောင်ထားသော ကျွန်တော့ အညာ လွမ်းစိတ် တို့သည် ကျွန်တော် ကို တိုက်ခိုက် နေလေပြီ ။
0 comments:
Post a Comment